International News

စင်ကာပူ၊ နယူးဇီလန်နှင့်ချီလီနိုင်ငံတို့အကြား “ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်” လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ် ကြောင်းထုတ်ပြန်ကြေညာ

Last Updated:

      စင်ကာပူ၊ နယူးဇီလန်နှင့် ချီလီ (၃) နိုင်ငံအကြား ဒီဂျစ်တယ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ် (Digital Economy Partnership Agreement –DEPA) လက်မှတ်ရေးထိုးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်လိုက်ပြီဖြစ်ကြောင်း ၂၁-၁-၂၀၂၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ကြေညာခဲ့ပါသည်။

  ယင်းသဘောတူစာချုပ်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် လက်မှတ်ရေးထိုးသွားနိုင်ရန် မျှော်မှန်း ထားကြောင်း၊ ဒီဂျစ်တယ်အသွင်းကူးပြောင်းမှုတွင် ကူးသန်း ရောင်းဝယ်ရေးနှင့်ကုန်သွယ်ရေးတို့၏ သဘောသဘာဝများပြောင်းလဲလာသောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန် နယ်စပ်ဖြတ်ကျော် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှု ပုံစံသစ်များကိုပေါ်ပေါက်လာရေးဆောင်ရွက် ပေးရန်  အရေးကြီးလာကြောင်း၊ DEPA သည် စင်ကာပူ၏ လွတ်လပ်သောကုန်သွယ်ရေးကွန်ယက်များကို ပံ့ပိုးပေးမည့်အပြင်၊ အခြေခံကျသော ဒီဂျစ်တယ် ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများ ဖွံ့ဖြိးလာစေရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး (E-commerce) ဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Joint Statement Initiative) ၌ ပူးတွဲဆော်သြသူအဖြစ် စင်ကာပူ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ၎င်းတို့ (၃) နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုများ ခိုင်မာအားကောင်းလာစေပြီး၊ ဒီဂျစ်တယ်ဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Chan Chun Sing က ပြောကြားပါသည်။

     စင်ကာပူတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ နယူးဇီလန် ကုန်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. David Parker နှင့် ချီလီ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Rodrigo Yanez တို့က တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

         DEPA သည် နိုင်ငံများအကြား ဒီဂျစ်တယ်ကွန်ယက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာ စေရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဒီဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ စာရွက်စာတမ်းမလိုသော ကုန်သွယ်မှု၊ အီလက်ထရောနစ် ပြေစာစနစ်၊ ဒီဂျစ်တယ်သက်သေခံအထောက်အထား၊ ငွေရေး ကြေးရေးဆိုင်ရာနည်းပညာ၊ မှတ်ဉာဏ်တု၊ ပုဂ္ဂိုလ်ရေးအချက်အလက်ကာကွယ်မှု၊ အွန်လိုင်း အသုံးပြု၍ ဝယ်ယူသုံးစွဲသူများအား ကာကွယ်မှု၊ အချက်အလက်စီးဆင်းမှု၊ အချက်အလက် တီထွင်ဆန်းသစ်မှု၊ SMEs များအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ၊ ဒီဂျစ်တယ်ဖြင့် အားလုံးပါဝင်ဆောင်ရွက်နိုင်မှု စသည့်အကြောင်းအရာများ ပါဝင်ကြောင်း၊ ဒီဂျစ်တယ် ကုန်သွယ်ရေးအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများသာမက ပေါ်ပေါက်လာမည့် ဒီဂျစ်တယ်ဆိုင်ရာလုပ်ငန်း နယ်ပယ်သစ်များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

      နိုင်ငံဖြတ်ကျော် E-commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနေသော်လည်း ထောက်ပံ့ပို့ဆောင်ရေးပိုင်းမှ ငွေပေးချေမှုပိုင်းအထိ လုံခြုံစိတ်ချမှုရှိစေရန် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပြီး၊ သတင်းအချက်အလက်ထိန်းချုပ်မှုဆိုင်ရာ မူဝါဒများ ကလည်း ကမ္ဘာ့ဒီဂျစ်တယ် စီးပွားရေးကို ခြိမ်းခြောက်မှုရှိနေကြောင်း၊ မကြာမီက ဆွေးနွေးမှုများ အပြီးသတ်ခဲ့သော အဆင့်မြှင့် တင်၍ ချုပ်ဆိုမည့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ်သည် ဒီဂျစ်တယ်စီးပွားရေးအပေါ် ဦးစားပေးမှုရှိသည့် ပထမဆုံး လွတ်လပ် သောကုန်သွယ်ရေးစာချုပ်များအနက်မှ တစ်ခုဖြစ်ကြောင်း၊  ၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အီးယူ-ဂျပန် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်တွင်လည်း ဒီဂျစ်တယ်ကုန်သွယ် ရေးနှင့်ပတ်သက်၍ ကတိကဝတ်များစွာ ပါဝင်ကြောင်း၊  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (OECD) ၏ ဒီဂျစ်တယ်ကူးပြောင်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်တွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်ပေါင်းစုံမှ လိုက်လျောညီထွေမှုရှိသော မူဝါဒများ ချမှတ်ဆောင်ရွက်သွားရန်ရည်ရွယ်ကြောင်း၊ စင်ကာပူသည် ဩစတေးလျနိုင်ငံနှင့် လည်းအလားတူ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှု များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စ၍ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။        ။ Singapore Ministry of Trade and Industry / the Straits Times

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

 

 

Category: International News